Sunday, June 08, 2008

အငြင်းပွားမှုကို မြန်မြန်နဲ့ အေးအေးချမ်းချမ်း ဖြေရှင်းနည်း ၇ ချက်။

လူတိုင်းလူတိုင်း သိပ်ပြီး ဆက်ဆံရခက်တဲ့ လူတွေနဲ့ ကြုံဖူးကြမှာပါ။
အငြင်းသန်တဲ့လူ၊ အဆဲသန်တဲ့လူ၊ ခေါင်းမာတဲ့လူ၊ ချိုးချိုးနှိမ်နှိမ် ပြောတတ်တဲ့ လူ စသည်ဖြင့်ပေါ့လေ။ ဒီလို လူတွေနဲ့ ဆက်ဆံရာမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေ၊ အလုပ်ဖြစ်အောင် သင်ဘယ်လိုပြုမူမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။

အများအားဖြင့်၊ ဒေါသသိပ်ထွက်နေတဲ့ လူတွေဟာ သူတို့ကို တစ်ဖက်လူ နားထောင်အောင်၊ အော်ဟစ် ပြောတတ်ပါတယ်။ သူတို့ပြောတာကို နားထောင်စေချင်တယ်၊၊ အရေးလုပ်စေချင်တယ်။ အရေးပါတဲ့ နေရာကို ယူချင်ပေမယ့် မယူတတ်ကြပါဘူး။ အမှန်က... သူသာ စိတ်ကိုထိန်းနိုင်ရင်၊ အော်ဟစ်ပြောဆိုမယ့်အစား၊ နားလည်မှု တစ်ခုခုရအောင် လုပ်နိုင်ပါတယ်။

အခုဖော်ပြမယ့် ၇ ချက်ကတော၊့ အားလုံးအကျိုးအတွက်၊ အငြင်းပွားမှုတွေကို မြန်မြန်နဲ့ အေးအေးချမ်းချမ်း ဖြေ ရှင်းနိုင်စေပါလိမ့်မယ်။

၁။ ။ စိတ်အေးအေးထားပါ။

ပထမဆုံး၊ စိတ်ကို အေးအေးထားပြီး ဘာမှပြန်မပြောပါနဲ့ ။ ဒေါသထွက်နေတဲ့ လူဟာ ကိုယ့်ကိုပါ ဒေါသဖြစ်စေဖို့ ရန်စတဲ့ စကားမျိုးတွေ ပြောလေ့ရှိပါတယ်။ ကိုယ်ကပါ၊ ငြင်းခုံပြောဆိုရင် ပြဿနာကို ပိုဆိုးစေပါတယ်။

၂။ ။ တစ်ဖက်လူကို စကားပေးပြောလိုက်ပါ။
သူပြောရင်းပြောရင်း မောလာပြီး၊ မောရင် ရပ်သွားလိမ့်မယ်။ တစ်ခါတစ်လေကျရင် သူတို့ ပြောချင်တာပြောပြီးရင် ကျေနပ်သွားရော။ လိုရင်းကတော့ သူပြောတာတွေကို ကိုယ်က အရေးတယူ နားထောင်ပေးစေချင်တာပဲ။ လူတိုင်းလူတိုင်း ကိုယ်ပြောတာကို တစ်ဖက်လူ အရေးတယူ နားထောင်စေချင်တာချည်းပဲ မဟုတ်ဘူးလားဗျာ။

၃။ ။ တစ်ဖက်လူနေရာကနေပြီး သူရဲ့ အမြင်ကို နားလည်ပေးပါ။
ကိုယ့်ကိုယ်ကို သူနေရာမှာထားပြီး ကိုယ်ချင်းစာကြည့်လိုက်ပါ။ "မင်းမှားနေတယ်"လို့ ဘယ်တော့မှ မပြောမိပါစေနဲ့။ သူ့မှာ သင်နဲ့ သဘောတူညီမှုတစ်ခုခု ရအောင် တော်တော်ကြိုးစားရှင်းပြနေတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။

၎။ ။ "အေး..အေး...ဟုတ်တယ်။ မင်းပြောတာကို ငါသဘောပေါက်ပြီ။ မင်းပြောချင်တာကကွာ".... ဆိုတဲ့ စကားမှာ စွမ်းအားတွေရှိတယ်။

ဒီလို ပြောလိုက်တာဟာ တဖက်လူရဲ့စကားကို ကိုယ်က တစ်လေးတစား နားထောင်ကြောင်း ၊ စဉ်းစားကြောင်း ပြလိုက်တာပဲ။ သူကလည်း အဲသလိုမျိုး နားထောင် စဉ်းစားပေး စေချင်နေတာလေ။ သူပြောတာကို တစ်ချက် သဘောတူလိုက်တာနဲ့ သူ့ဒေါသတွေပြေသွားရော။

၅။ ။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ပြောဆို လာကြပြီဆိုရင်။ ချက်ခြင်း ရပ်လိုက်ပါ။
တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါ။
"မင်း.....ဒေါသတွေ သိပ်ထွက်ပြီး၊ မပြောချင်တာတွေ၊ မရည်ရွယ်တာတွေ ပြောမိနေပြီ။ မင်းစိတ်ငြိမ်သွားမှ ထပ်စကားပြောကြမယ်။" လို့ပြောပြီး...အခန်းထဲက ကိုယ်ထွက်သွားရင် သွား၊ မသွားရင်၊ သူတို့ကို ထွက်သွားခိုင်းလိုက်ပါ။

၆။ ။ ကိုယ်ဘက်က မှားနေရင် ၀န်ခံ ပြီး၊ ကိုယ့်အမှားကို ကိုယ်တာဝန်ယူလိုက်ပါ။
"မင်းပြောတယ် လုံးဝမှန်တယ်။ အဲဒါ ငါမှားသွားတယ်ကွာ။ အဲဒီအတွက် ငါ့ဒီလိုလုပ်ပေးမယ်...။" လို့ပြောလိုက်ပါ။ ကိုယ့်ဘက်က တကယ် မမှားရင်တောင် သူ့ကို သံသယဖြစ်ခွင့်ပေးလိုက်ပါ။

"အေး..လေ ငါမှားတာလည်းဖြစ်မှာပေါ့။ ဒီကိစ္စကို ငါတို့ပြန်ကြည့်ရအောင်။" အဲသလိုပြောလိုက်တော့ သူ့ကိုငြင်းရခက်စေရော။

ဒီစကားလုံးတွေရဲ့ စွမ်းအားကြောင့် ပြောင်းလဲမှုတွေက အံသြစရာပါ။ သင်နဲ့အငြင်းပွားနေတဲ့လူက သင့်ဘက်က ကာကွယ် ပြောပေးလာတာမျိုးတို့။ ကိုယ့်ရန်ဘက် ကနေ မိတ်ဘက်ပြောင်းလာတို့တွေ့ရမှာပါ။

၇။ ။ စိတ်ကူးထဲမှာ အကောင်း မြင်ကြည့်လိုက်ပါ။
ဆက်ဆံရခက်တဲ့လူဟာ၊ ကိုယ်နေ့စဉ်ဆက်ဆံ နေရတဲ့လူမျိုး၊ ဥပမာ အလုပ်ဖော်၊ ကိုယ့်အထက်အရာရှိလိုမျိုးဆိုရင်၊ အဲဒီလူကို အရမ်းချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်လို့ အကောင်းမြင်လိုက်ပါ။

ဒီနည်းကို ကျွန်တော့် အထက် အရာရှိနဲ့တုန်းက ကျွန်တော်စမ်းကြည့်ခဲ့ဖူးပါတယ်။ သူက တော်တော်ကို အထက်စီး ဆန်တော့၊ လူတိုင်းစိတ်ညစ်ရတယ်။ သေသေချာချာ သုံးသပ်ကြည့်တော့၊ သူကိုယ်တိုင်က စိတ်ညစ်စရာတွေနဲ့ ကြုံနေရတာကိုး။ စိတ်တိုတော့ သူများကို ဖိဟောက်၊ ဖိခိုင်းနဲ့ပေါ့။

တစ်ရက်ကျတော့ သူ့ကို ကျွန်တော့ စိတ်ထဲမှာ ကလေးချစ်တတ်တဲ့ အဖိုးတစ်ယောက်ပါလား ဆိုတဲ့ အမြင်လေးနဲ့ မြင်ကြည့်လိုက်တယ်။ သူစိတ်ကောင်းဝင်ချိန်ဆို သူ့မြေးလေးတွေ ဘယ်လိုချစ်ဖို့ကောင်းကြောင်း ဘယ်လိုဆော့ကြောင်း ရွှန်းရွှန်းဝေအောင် ပြောတတ်တာကိုး။ သူ...ပြုံးပြုံးရွှင်ရွှင် ပြောနေတာမြင်တော့... ခက်ထန်တဲ့ အပြင်ပန်းနဲ့...နူးညံ့တဲ့ နှလုံးသားလည်းရှိပါလားလို့ သိလာပါတယ်။

မနက်တိုင်း ကျွန်တော် အလုပ်မသွားခင်၊ စိတ်ထဲမှာ သူမြေးလေးတွေနဲ့ ခြံထဲမှာ ပြုံးပြုံးပျော်ပျော် ဆော့နေပုံ၊ ကလူကြည်ဆယ်နေပုံ ကို စိတ်ထဲမှာ မြင်ယောင်ကြည့်၊ ပြီးမှရုံးသွားပါတယ်။

တိုတိုပြောရရင်၊ တစ်နှစ်လောက်ကြာတော့ သူ..ကျွန်တော့်ကို ရာထူးတိုးပေးပါလေရော။ စိတ်ကူးနဲ့ အကောင်းမြင်တဲ့ အကျိုးပေးဖြစ်မှာပါ။ ကိုယ့်စိတ်ထဲမှာ လူကို အကောင်းမြင်နေတော့ ဘယ်လောက်ဆိုးတဲ့လူ ဖြစ်ဖြစ် မငြိုမငြင်နဲ့ ဆက်ဆံနိုင်တော့ သူ့အတွက်လည်း အဆင်ပြေ၊ ကိုယ်လည်း စိတ်ချမ်းသာတယ်လေ။

ကဲ....သိပ်ဆက်ဆံရခက်တဲ့ လူတွေနဲ့သင် အရင်က ကြုံဖူးမှာပါ။ အဲဒီအခါ သူတို့မှားနေတာကို ထောက်ပြချင်တာတို့၊ ကိုယ့်သိက္ခာကိုယ် ဆယ်ဖို့ လိုအပ်တာတို့ ကြုံဖူးမှာပါ။ အဲဒီလူတွေရဲ့ ဒေါသရုပ်တွေကို ဖယ်ပြီး၊ သူတို့ဟာ သင်နားထောင်ပေး၊ နာလည်ပေး၊ အရေးတယူလုပ်တာတွေကို ဘယ်လောက် လိုချင်နေတယ်ဆိုတာကို သင်မြင်မိပါရဲ့လား။ စိတ်ကူးထဲမှာ သူတို့ရဲ့ ကောင်းကွက်လေးတွေကို ပုံဖော်ကြည့်မိပါရဲ့လား။

Stephen Hopson is a former Wall Street stockbroker turned motivational speaker, author and pilot. He blogs at Adversity University and shares his personal experiences in dealing with adversity through stories, observations, and tips.