လူတိုင်းလူတိုင်း သိပ်ပြီး ဆက်ဆံရခက်တဲ့ လူတွေနဲ့ ကြုံဖူးကြမှာပါ။
အငြင်းသန်တဲ့လူ၊ အဆဲသန်တဲ့လူ၊ ခေါင်းမာတဲ့လူ၊ ချိုးချိုးနှိမ်နှိမ် ပြောတတ်တဲ့ လူ စသည်ဖြင့်ပေါ့လေ။ ဒီလို လူတွေနဲ့ ဆက်ဆံရာမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေ၊ အလုပ်ဖြစ်အောင် သင်ဘယ်လိုပြုမူမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။
အများအားဖြင့်၊ ဒေါသသိပ်ထွက်နေတဲ့ လူတွေဟာ သူတို့ကို တစ်ဖက်လူ နားထောင်အောင်၊ အော်ဟစ် ပြောတတ်ပါတယ်။ သူတို့ပြောတာကို နားထောင်စေချင်တယ်၊၊ အရေးလုပ်စေချင်တယ်။ အရေးပါတဲ့ နေရာကို ယူချင်ပေမယ့် မယူတတ်ကြပါဘူး။ အမှန်က... သူသာ စိတ်ကိုထိန်းနိုင်ရင်၊ အော်ဟစ်ပြောဆိုမယ့်အစား၊ နားလည်မှု တစ်ခုခုရအောင် လုပ်နိုင်ပါတယ်။
အခုဖော်ပြမယ့် ၇ ချက်ကတော၊့ အားလုံးအကျိုးအတွက်၊ အငြင်းပွားမှုတွေကို မြန်မြန်နဲ့ အေးအေးချမ်းချမ်း ဖြေ ရှင်းနိုင်စေပါလိမ့်မယ်။
၁။ ။ စိတ်အေးအေးထားပါ။
ပထမဆုံး၊ စိတ်ကို အေးအေးထားပြီး ဘာမှပြန်မပြောပါနဲ့ ။ ဒေါသထွက်နေတဲ့ လူဟာ ကိုယ့်ကိုပါ ဒေါသဖြစ်စေဖို့ ရန်စတဲ့ စကားမျိုးတွေ ပြောလေ့ရှိပါတယ်။ ကိုယ်ကပါ၊ ငြင်းခုံပြောဆိုရင် ပြဿနာကို ပိုဆိုးစေပါတယ်။
၂။ ။ တစ်ဖက်လူကို စကားပေးပြောလိုက်ပါ။
သူပြောရင်းပြောရင်း မောလာပြီး၊ မောရင် ရပ်သွားလိမ့်မယ်။ တစ်ခါတစ်လေကျရင် သူတို့ ပြောချင်တာပြောပြီးရင် ကျေနပ်သွားရော။ လိုရင်းကတော့ သူပြောတာတွေကို ကိုယ်က အရေးတယူ နားထောင်ပေးစေချင်တာပဲ။ လူတိုင်းလူတိုင်း ကိုယ်ပြောတာကို တစ်ဖက်လူ အရေးတယူ နားထောင်စေချင်တာချည်းပဲ မဟုတ်ဘူးလားဗျာ။
၃။ ။ တစ်ဖက်လူနေရာကနေပြီး သူရဲ့ အမြင်ကို နားလည်ပေးပါ။
ကိုယ့်ကိုယ်ကို သူနေရာမှာထားပြီး ကိုယ်ချင်းစာကြည့်လိုက်ပါ။ "မင်းမှားနေတယ်"လို့ ဘယ်တော့မှ မပြောမိပါစေနဲ့။ သူ့မှာ သင်နဲ့ သဘောတူညီမှုတစ်ခုခု ရအောင် တော်တော်ကြိုးစားရှင်းပြနေတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။
၎။ ။ "အေး..အေး...ဟုတ်တယ်။ မင်းပြောတာကို ငါသဘောပေါက်ပြီ။ မင်းပြောချင်တာကကွာ".... ဆိုတဲ့ စကားမှာ စွမ်းအားတွေရှိတယ်။
ဒီလို ပြောလိုက်တာဟာ တဖက်လူရဲ့စကားကို ကိုယ်က တစ်လေးတစား နားထောင်ကြောင်း ၊ စဉ်းစားကြောင်း ပြလိုက်တာပဲ။ သူကလည်း အဲသလိုမျိုး နားထောင် စဉ်းစားပေး စေချင်နေတာလေ။ သူပြောတာကို တစ်ချက် သဘောတူလိုက်တာနဲ့ သူ့ဒေါသတွေပြေသွားရော။
၅။ ။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ပြောဆို လာကြပြီဆိုရင်။ ချက်ခြင်း ရပ်လိုက်ပါ။
တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါ။
"မင်း.....ဒေါသတွေ သိပ်ထွက်ပြီး၊ မပြောချင်တာတွေ၊ မရည်ရွယ်တာတွေ ပြောမိနေပြီ။ မင်းစိတ်ငြိမ်သွားမှ ထပ်စကားပြောကြမယ်။" လို့ပြောပြီး...အခန်းထဲက ကိုယ်ထွက်သွားရင် သွား၊ မသွားရင်၊ သူတို့ကို ထွက်သွားခိုင်းလိုက်ပါ။
၆။ ။ ကိုယ်ဘက်က မှားနေရင် ၀န်ခံ ပြီး၊ ကိုယ့်အမှားကို ကိုယ်တာဝန်ယူလိုက်ပါ။
"မင်းပြောတယ် လုံးဝမှန်တယ်။ အဲဒါ ငါမှားသွားတယ်ကွာ။ အဲဒီအတွက် ငါ့ဒီလိုလုပ်ပေးမယ်...။" လို့ပြောလိုက်ပါ။ ကိုယ့်ဘက်က တကယ် မမှားရင်တောင် သူ့ကို သံသယဖြစ်ခွင့်ပေးလိုက်ပါ။
"အေး..လေ ငါမှားတာလည်းဖြစ်မှာပေါ့။ ဒီကိစ္စကို ငါတို့ပြန်ကြည့်ရအောင်။" အဲသလိုပြောလိုက်တော့ သူ့ကိုငြင်းရခက်စေရော။
ဒီစကားလုံးတွေရဲ့ စွမ်းအားကြောင့် ပြောင်းလဲမှုတွေက အံသြစရာပါ။ သင်နဲ့အငြင်းပွားနေတဲ့လူက သင့်ဘက်က ကာကွယ် ပြောပေးလာတာမျိုးတို့။ ကိုယ့်ရန်ဘက် ကနေ မိတ်ဘက်ပြောင်းလာတို့တွေ့ရမှာပါ။
၇။ ။ စိတ်ကူးထဲမှာ အကောင်း မြင်ကြည့်လိုက်ပါ။
ဆက်ဆံရခက်တဲ့လူဟာ၊ ကိုယ်နေ့စဉ်ဆက်ဆံ နေရတဲ့လူမျိုး၊ ဥပမာ အလုပ်ဖော်၊ ကိုယ့်အထက်အရာရှိလိုမျိုးဆိုရင်၊ အဲဒီလူကို အရမ်းချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်လို့ အကောင်းမြင်လိုက်ပါ။
ဒီနည်းကို ကျွန်တော့် အထက် အရာရှိနဲ့တုန်းက ကျွန်တော်စမ်းကြည့်ခဲ့ဖူးပါတယ်။ သူက တော်တော်ကို အထက်စီး ဆန်တော့၊ လူတိုင်းစိတ်ညစ်ရတယ်။ သေသေချာချာ သုံးသပ်ကြည့်တော့၊ သူကိုယ်တိုင်က စိတ်ညစ်စရာတွေနဲ့ ကြုံနေရတာကိုး။ စိတ်တိုတော့ သူများကို ဖိဟောက်၊ ဖိခိုင်းနဲ့ပေါ့။
တစ်ရက်ကျတော့ သူ့ကို ကျွန်တော့ စိတ်ထဲမှာ ကလေးချစ်တတ်တဲ့ အဖိုးတစ်ယောက်ပါလား ဆိုတဲ့ အမြင်လေးနဲ့ မြင်ကြည့်လိုက်တယ်။ သူစိတ်ကောင်းဝင်ချိန်ဆို သူ့မြေးလေးတွေ ဘယ်လိုချစ်ဖို့ကောင်းကြောင်း ဘယ်လိုဆော့ကြောင်း ရွှန်းရွှန်းဝေအောင် ပြောတတ်တာကိုး။ သူ...ပြုံးပြုံးရွှင်ရွှင် ပြောနေတာမြင်တော့... ခက်ထန်တဲ့ အပြင်ပန်းနဲ့...နူးညံ့တဲ့ နှလုံးသားလည်းရှိပါလားလို့ သိလာပါတယ်။
မနက်တိုင်း ကျွန်တော် အလုပ်မသွားခင်၊ စိတ်ထဲမှာ သူမြေးလေးတွေနဲ့ ခြံထဲမှာ ပြုံးပြုံးပျော်ပျော် ဆော့နေပုံ၊ ကလူကြည်ဆယ်နေပုံ ကို စိတ်ထဲမှာ မြင်ယောင်ကြည့်၊ ပြီးမှရုံးသွားပါတယ်။
တိုတိုပြောရရင်၊ တစ်နှစ်လောက်ကြာတော့ သူ..ကျွန်တော့်ကို ရာထူးတိုးပေးပါလေရော။ စိတ်ကူးနဲ့ အကောင်းမြင်တဲ့ အကျိုးပေးဖြစ်မှာပါ။ ကိုယ့်စိတ်ထဲမှာ လူကို အကောင်းမြင်နေတော့ ဘယ်လောက်ဆိုးတဲ့လူ ဖြစ်ဖြစ် မငြိုမငြင်နဲ့ ဆက်ဆံနိုင်တော့ သူ့အတွက်လည်း အဆင်ပြေ၊ ကိုယ်လည်း စိတ်ချမ်းသာတယ်လေ။
ကဲ....သိပ်ဆက်ဆံရခက်တဲ့ လူတွေနဲ့သင် အရင်က ကြုံဖူးမှာပါ။ အဲဒီအခါ သူတို့မှားနေတာကို ထောက်ပြချင်တာတို့၊ ကိုယ့်သိက္ခာကိုယ် ဆယ်ဖို့ လိုအပ်တာတို့ ကြုံဖူးမှာပါ။ အဲဒီလူတွေရဲ့ ဒေါသရုပ်တွေကို ဖယ်ပြီး၊ သူတို့ဟာ သင်နားထောင်ပေး၊ နာလည်ပေး၊ အရေးတယူလုပ်တာတွေကို ဘယ်လောက် လိုချင်နေတယ်ဆိုတာကို သင်မြင်မိပါရဲ့လား။ စိတ်ကူးထဲမှာ သူတို့ရဲ့ ကောင်းကွက်လေးတွေကို ပုံဖော်ကြည့်မိပါရဲ့လား။
Stephen Hopson is a former Wall Street stockbroker turned motivational speaker, author and pilot. He blogs at Adversity University and shares his personal experiences in dealing with adversity through stories, observations, and tips.
Sunday, June 08, 2008
Thursday, May 29, 2008
ဖောင်တိန်တစ်ချောင်း နှင့် ကိုသာသာ
ဆရာ သိပ္ပံမောင်ဝ၏ သူ၏ဖောင်တိန် အကြောင်းရေးသည်ကိုဖတ်၍ ကိုသာသာ တစ်ယောက် ဖောင်တိန်ရူး ရူးနေလေသည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန့်၊ ကိုသာသာ ၆တန်း ကျောင်းသားဘ၀၊ ကားဆရာ အဘဦးအေးမောင် ပြောပြသည့် သူတို့ဆယ်တန်းကျောင်းသားဘ၀က၊ ဘောပင် မပေါ်သေးဘဲ ဖောင်တိန်ကိုသာ သုံးကြရကြောင်း ပြောပြသည်က စ၍ ကိုသာသာ နှင့် ဖောင်တိန် သိကျွမ်းခဲ့လေသည်။ သူတို့ အခါက၊ ကျောင်းသားများ ရန်ဖြစ်လျှင် ဖောင်တိန်ကို လွှဲကာ တစ်ယောက်ကို တစ်ယောက် ဖောင်တိန်မှ မင်များနှင့် ပက်ကြကြောင်း၊ ထိုအခါ အင်္ကျီဖြူဖြူပေါ်တွင် မင်များပေပါက၊ အိမ်တွင် အဆူခံရ၊ အရိုက်ခံရကြောင်း၊ ထိုနည်းမှာ ကိုယ်မကြေနပ်သူကို အိမ်အထိ အရိုက်ခံရအောင် လုပ်နိုင်ကြောင်း မှတ်သားဘူးပါသည်။
ဖောင်တိန်ရူး ကိုသာသာ သည် စာရေးကိရိယာဆိုင်သို့သွားကာ၊ မှန်ဘီဒိုထဲမှ ဖောင်တိန်များကို သရေကျလေသည်။ အကောင်းဆုံးဘောပင်တစ်ချောင်းမှ ၅ ဒေါ်လာထက် မကျော်သော်လည်း၊ အနိမ့်ဆုံး ဖောင်တိန်ကား ၁၂ ဒေါ်လာရှိလေသည်။ ဖောင်တိန်ကောင်းများကား ရာကျော် တန်ဖိုးရှိလေသဖြင့် မြင်သာမြင်ရ မကြင်ရလေ။ အဆုံးတွင်ကား ထို ၁၂ ဒေါ်လာတန်ကိုပင် ၀ယ်ခဲ့လေသည်။
ကလောင်ကားရချေပြီ။ မင်ကားလိုသေး၏။ ဈေးပေါသော ကလောင်ဖြစ်သဖြင့်၊ မင်အိုးမလို၊ မင်ရည်ပါသော မင်ချောင်း ၅ချောင်းကို ၃ ဒေါ်လာပေးကာ ၀ယ်ရပြန်လေသည်။ ဤသို့ဖြင့် ဖောင်တိန် ၀ယ်ခန်း ပြီး၏။
ဖောင်တိန်ဖြင့်ရေးသော်၊ မင်စိုသဖြင့်၊ စာရွက်များပေါက်လေသည်။ ထို့ကြောင့် စာရွက်ထူထူကိုဝယ်ပြန်လေ၏။ ထို့ပြင် မြန်မြန် ရေး၍မရ။ ဘောပင်ဆိုလျှင်မည်မျှ ဖိရေးစေကာမူ မြန်မြန်ရေးနိုင်၏။ ဖောင်တိန်ကား ဖိရေးမိလျှင် စာရွက်ပေါက်လေသည်။ ထို့ကြောင့် ပန်းချီရေးသည့် စုတ်တံလို ဖွဖွရေးရလေသည်။
ဆရာသော်တာဆွေ၏ စာတစ်ပုဒ်တွင် သူ၏ဖခင်က၊ ကလောင်ကို ဖိကာရေးရန် သင်ပေးခဲ့၍ အကျင့်ဖြစ်ကာ ဖိသာ ရေးတတ်သည်ဟု ဆို၏။ ကိုသာသာကား ယခုကိုယ်တွေ့ကြုံနေရလေသည်။ ဘယ်လောက် ခက်စေ၊ ဖောင်တိန်ရူးကား မရမကရေးလေသည်။
ဖောင်တိန် အသုံးကြာလာသောအခါ၊ ရေးရအဆင်ပြေလာ သော်လည်း၊ မှန်မှန် မသုံးဖြစ်လျှင် မင်များ ခြောက်သွားလေသည်။ ထို့ပြင် မတော်တဆ မင်ယိုသဖြင့် ကိုသာသာ၏ အင်္ကျီ အိပ်ကပ် မင်စွန်းသည်မှာ နှစ်ကြိမ်ရှိချေပြီ။
သို့သော်ဖောင်တိန်ရူးကား ဖြစ်ချင်ရာဖြစ်၊ ဖောင်တိန်ကို အပြစ်မမြင်၊ မိမိကိုယ်သာ အပြစ်တင်ကာ ဆက်သုံးလေသည်။
ယခုခေတ်တွင် ဘောပင်များ မည်မျှတိုးတက် ပေါ်ထွက်စေကာမူ၊ ဖောင်တိန်ကား၊ Classic Writing Instrument တစ်ခုအဖြစ် အလေးပေး၊ ဈေးကြီးပေးဝယ် နေရဆဲပင်ဖြစ်လေသည်။ ထို့ပြင် အများရှေ့တွင် ရေးစရာရှိက ကိုယ့် ဖောင်တိန်၏ ကလောင်ဖျား (Nib) ကိုမြင်သည်နှင့် လူအများ စိတ်ဝင်စားကြလေသည်။ နေ့စဉ် မြင်ရခဲသောကြောင့်တည်း။ ဤတစ်ချက်တည်းနှင့်ပင် ကိုသာသာ ဈေးကြီးပေးရကျိုး၊ မင်ပေခံရကျိုးနပ်သည်ဟု ထင်နေလေသည်။
ဖောင်တိန်လှလှ သုံးလျှင် လက်ရေးလည်း လှသင့်သည်ဟုထင်၏။ ထို့ကြောင့် လက်ရေးလှကျင့်ရသည်လည်း အကြိမ်ကြိမ်။ ကိုသာသာကား သူ၏ဖောင်တိန်သည် ဈေးအကြီးကြီး မဟုတ်သော်လည်း၊ အလွန်ခင်တွယ်လေသည်။ ဖောင်တိန်သည် သူ့အား အခြားသူများနှင့် အနည်းငယ် ကွဲပြားစေသည်ဟုယူဆလေသောကြောင့်တည်း။
မိတ်ဆွေ အပေါင်းလည်း၊ အခွင့်သာလျှင် ဖောင်တိန်ကို စမ်းသပ်သုံးဆွဲကြည့်သင့်ကြောင်း၊ နှိုးဆော်လိုက်ပါသည်။ စာရေးရသည့် အရသာကား ယခင်နှင့်မတူ၊ တမူထူါ်ယုံမက၊ အချိန်တိုင်း စာရေးချင်နေသည်ကို ကိုယ်တွေ့ကြုံစေချင်စမ်းပါဘိ။

Sunday, May 25, 2008
လူကြိုက်အောင်ဘယ်လိုချီးမွမ်းမလဲ။
ကိုယ့်ကိုချီးမွမ်းတာ ခံရတာလောက် အရသာရှိတာ ဘာများရှိဦးမှာလဲဗျာ။
ဒါဆို၊ သူများချီးမွမ်းတာကို စောင့်နေမယ့် အစား၊ တစ်ယောက်ယောက်ကို ချီးမွမ်းလိုက်ရအောင်။ မေတ္တာဆိုတာ အသွားအပြန်ရှိပါတယ်။ ကိုယ်က ချီးမွမ်းလေလေ၊ သူများကလည်း ကိုယ့်ကို ချီးမွမ်းလေလေပါ။ တစ်ယောက်ကို တစ်ယောက် အကောင်းတွေချည်းမြင်ရင်၊ ငြိမ်းချမ်းပျော်ရွှင်မှုပိုရှိတာပေါ့နော။
၁။ ။ အကြောင်းအရာ တစ်ခုခုကို သတ်သတ်မှတ်မှတ်(အသေးစိတ်) ချီးမွမ်းပါ။
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။" လို့ပြောလိုက်တာဟာ၊ "ဒီနေ့တယ်လှနေပါလား။" လို့ပြောတာထက် ပိုထိရောက်ပါတယ်။ ဒီနေရာမှာ ပိုအသေးစိတ်ကျလေ ကောင်းလေပါ။ တစ်ဖက်လူက သူ့ကိုလူတွေ သတိပြုမိနေပါလား၊ သူဟာ ပိုပေါ်လွင်နေပါလားလို့ထင်သွားစေပါတယ်။
၂။ ။ ကိုယ့်ချီးမွမ်းချက်ကို ကိုယ့်ဖာသာ ထောက်ခံပါ။
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။" ဆိုပြီးရပ်မသွားပါနဲ့။ ဘာကြောင့် အဲသလို ပြောရသလဲဆိုတာလေးပါ ထည့်ပြောရင်၊ ကိုယ့်ရဲ့ချီးမွမ်းချက်က ပိုခိုင်မာလာပါတယ်။ ဒီလိုလေ၊
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ နင့်အသားရောင်နဲ့လိုက်တယ်ဟ။" ဒါမှမဟုတ်၊
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ ပုခုံးလေးကပြေတော့ ထင်ထင်ရှားရှားကြည့်ကောင်းတယ်။" စသည်ဖြင့်ပေါ့လေ။
၃။ ။ ချီးမွမ်းခန်းနဲ့တွဲလျက် မေးခွန်းတစ်ခုခုမေးပါ။
အကယ်၍ ကိုယ်က စကားစချင်လို့ ဒီလိုချီးမွမ်းတာဆိုရင်၊ ကိုယ်ချီးမွမ်းတဲ့ အကြောင်းနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုလောက်မေးလိုက်ပါ။ "နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ နင့်အသားရောင်နဲ့လိုက်တယ်ဟ။ ဘယ်က ၀ယ်တာလဲ။"
ဒါဆိုသူကဖြေရတော့မယ်၊ ဒီလိုနဲ့ စကားပြောဖြစ်ကြမယ်။
ကဲ ဒီ သုံးဆင့်ဟာ လွယ်လွယ်လေးနဲ့အသုံးပြုလို့ရတဲ့ ချီးမွမ်းပုံလေးပါ။ ကိုယ်နဲ့ စတွေ့တဲ့ သူစိမ်း တစ်ယောက်ကိုပဲဖြစ်ဖြစ်။ သူငယ်ချင်းတစ်ယောက်ကိုပဲဖြစ်ဖြစ်။ ခုမှ တွေ့တဲ့ ကောင်မလေးချောချောလေးကိုပဲဖြစ်ဖြစ်။ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်။ စိတ်ကျေနပ်စေ၊ အားရှိစေ၊ စကား စစေ တဲ့ ချီးမွမ်းပုံလေးပါ။
သူတပါးရဲ့ ကောင်းတဲ့အချက်ကို သတိပြု၊ ထုတ်ဖေါ်ပြောတာဟာ သူ့ကို ကိုယ်ဂရုပြုကြောင်း၊ အရေးတယူပြုကြောင်း ဖေါ်ပြရာရောက်ပါတယ်။ လူတိုင်းကို ဒီလိုချီးမွမ်းတဲ့ အစပိုင်းမှာတော့၊ နည်းနည်း ကို့ယို့ကားယား ဖြစ်တာပေါ့။ သူ့မှာလည်း ဘလိုင်းကြီး ချီးမွမ်းခံရတာကိုး။ တစ်ချို့ကလည်း၊ ဒီကောင်ငါ့ကိုမြှောက်နေပြီ၊ ဘာများ လိုချင်လို့ပါလိမ့်။ ဘယ်ချိန် ရိုက်ချမလည်း မသိဘူး။ တွေးပြီး၊ သံသယ ဖြစ်နိုင်တာပေါ့။ လက်ခံတာ လက်မခံတာ တစ်ဖက်လူရဲ့အပိုင်းပါ။ ချီးမွမ်းတယ်ဆိုတာ လက်ဆောင်ပေးသလိုပါပဲ။ ဗုဒ္ဓဘုရား ပြောသလို ကိုယ်ပေးတာ တစ်ဖက်လူက လက်မခံရင် ကိုယ့်ဆီပဲပြန်ရောက်လာတာပေါ့။ ကိုယ့်ကို ချီးမွမ်းရင်လည်း၊ အကောင်းဆုံး လက်ခံနည်းက "ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်ရုံပါပဲ။
သူများရဲ့ကောင်းကွက်တွေကိုချည်း ကိုယ်က ရှုမြင်လာရင်၊ သူတို့ကလည်း ကိုယ့်ရဲ့ ကောင်းကွက်တွေကိုချည်း ရှုမြင်လာကြောင်းကို တွေ့လာရပါလိမ့်မယ်။ ဒီလိုဆို၊ အလုပ်ထဲမှာပါဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ဈေးမှာပဲဖြစ်ဖြစ်၊ ဘယ်အသိုင်းဝိုင်းမှာမဆို လူချစ်လူခင်ပေါလာပါလိမ့်မယ်။ ကဲ...... ခုပဲ စပြီးချီးမွမ်းလိုက်ရအောင်။
ကျေးဇူးတင်ပါတယ်။
ဤဆောင်းပါးသည် Alvin Soon, February 13th, 2007 တွင် ရေးသားသော How To Give Good Complement ကိုဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်ပါသည်။ မူရင်း ဆောင်းပါး (English) ကို ဒီမှာ ဖတ်နိုင်ပါသည်။

Thursday, May 22, 2008
No Network - No Net Work
ဒီရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော် အချိန်ပိုင်းအလုပ်ကို ၀င်လုပ်နေပါတယ်။ ကျောင်းကြီးပိတ်တော့လည်း ကျောင်းကိုအလွမ်းသား။ နောင် ကျောင်းပြီးသွားရင် ဘယ်လောက်လွမ်းဦးမလဲမသိဘူး။ ကျောင်းတက်နေရတုန်းကလည်း၊ ကျောင်းပိတ်ရင် ဘာလုပ်ရမလည်း တွေးပြီး၊ ကျောင်းစာတွေနဲ့ပင်ပန်းလိုက်တာလို့ ညည်းငြူနေတာပဲ။ ခက်လိုက်တဲ့ လူ့စိတ်၊ ဘယ်လိုမှ စိတ်တိုင်းမကျပါကလား။
ကျောင်းဖွင့်နေတုန်းကဆိုရင်၊ Assignment တွေ၊ Project တွေ လုပ်စရာရှိတာတွေကို မလုပ်ဘဲ၊ ယောင်တောင်ပေါင်တောင်နဲ့၊ ရက်ကပ်လာတော့မှ အသည်းအသန်၊ ကုန်းရုန်းလုပ်။ ကျောင်းပိတ်သွားပြန်တော့လည်း အလုပ်ကပြန်လာရင်၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ကျွန်တော်က Website နဲ့ Blog အများစုကို Feed Reader နဲ့ဖတ်တော့ နာရီဝက်ဆိုရင် Surf လုပ်တဲ့ ကိစ္စပြီးပြီ။ Email လည်းကြိုကြားကြိုကြားစစ်နေတော့၊ အင်တာနက်မှာ သုံးတဲ့အချိန်က သိပ်မကြာဘူးဆိုရမယ်။ ဒီပုံအတိုင်းသာဆို ကျောင်းပြီးလို့ နှစ်ရှည်လများ အလုပ်ဝင်မယ်ဆိုရင်၊ စက်ရုပ်တစ်ရုပ်လိုများ ဖြစ်သွားမလားမသိဘူး။ အချိန်အားတွေကို ဘာလုပ်ရမှန်းမသိ။ ကိုယ်တိုင်လည်း ဘာလုပ်ချင်မှန်းမသိ။ ခက်ပြီ။
ကိုယ့်အကြောင်းတွေချည်းရေးနေလို့လိုရင်း မရောက်တော့ဘူး။ အဓိကဆိုချင်တဲ့ အကြောင်းကတော့ No Network, No Net Work ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
ဒီနေ့ရုံးမှာ အင်တာနက်ကြီးပျက်သွားပါလေရော။ တစ်ရုံးကို ပွက်လောရိုက်သွားတာပဲ။ Router ကို Reset လုပ်၊ Cable တွေကိုပြန်စစ်နဲ့ အလုပ်ရှုပ်သွားတာပဲ။ http://www.southparkstudios.com/clips/166181 ဒီထဲကလောက်တော့ မဆိုးပါဘူး။ အင်တာနက်ကြီးပျက်သွားတယ်ဆိုရင်ပဲ ကိုသာသာ ခင်မျာ၊ ညီကိုဖုန်းခေါ်လိုက်၊ အိမ်ကိုဖုန်းခေါ်လိုက်၊ ရည်းစားကို ဖုန်းခေါ်လိုက်၊ ဦးလေးကို ဖုန်းခေါ်လိုက်နဲ့ သူတို့ရဲ့ အင်တာနက်ပါပျက်သလားပေါ့။ Service Provider ကအတူတူပဲကိုး။ တိုက်ဆိုင်ချင်တော့ ညီရဲ့ရုံးက အင်တာနက်ကလည်း ဒီမနက်တင်ပျက်သွားတာ။ ဒါနဲ့ပထမတော့ ထိုင်ဝမ်မှာလား၊ တရုတ်မှာလား၊ ဂျပန်မှာလား ငလျင်တော့ လှုပ်ပြန်ပြီလို့ ထင်နေတာ၊ မသီတာ၊ အိမ်ကအဒေါ်၊ ဦးလေး က သူတို့အင်တာနက် ကောင်းနေကြောင်းပြောမှ၊ ကိုယ့်ဖာသာ ရမ်းထင်နေတာ အဆုံးသတ်တော့တယ်။
ကဲ Programmer နဲ့ Internet။ Internet နဲ့ Programmer။ ဆီမရှိတဲ့ ကားလို မောင်းလို့ကို မရတော့ဘူး။ ကိုယ်က မသိတာရှာရင် ဒီအင်တာနက်ကိုပဲ အားကိုးနေရတာ။ စာအုပ်ရှာဖတ်လည်း ဒီ အင်တာနက်ပဲ။ တစ်ယောက်ကို တစ်ယောက် ဖိုင်ပို့ရင်လည်း အီးမေး ကို ဒီအင်တာနက်ကသုံးရတာပဲ။ မြန်မာ မုန်တိုင်းသတင်း ဖတ်ရင်လည်း ဒီအင်တာနက်ပဲ။ ရုံးချိန်မှာ MysteryZillion ထဲခိုးဝင်ရင်လည်း ဒီအင်တာနက်ပဲ(ဟီ ဟိ)။ ကဲ မိတ်ဆွေတို့လည်းကြုံဖူးမှာပါ။ အင်တာနက် မရှိတဲ့ ကွန်ပြူတာဆိုတာ၊ ရုပ်ဆိုးဆိုးမိန်းကလေး တစ်ယောက်ကိုယ့်ရှေ့ကဖြတ်လျှောက် တာလောက်ကို စိတ်ဝင်စားစရာ မကောင်းပါဘူး။
အင်တာနက်လည်းပြတ်ကရော၊ ရုံးခန်းထဲမှာ စကားစပြောကြပါတယ်။ တစ်ချိန်လုံး Messenger မှာ Online လုပ်နေတဲ့သူတွေမှာ တစ်ခါတည်း ဖျပ်ဖျပ်လူးလို့။ Online ဖြစ်မနေတော့ ဘာဖြစ်မှာ မို့လို့လည်း။ ကိုယ်ကတော့ အင်တာနက် ရှားပါးတဲ့ ဒေသကလာသူမို့ ဒါတွေရိုးနေပါပြီ။ Offline ဖြစ်နေလည်း၊ ရှိတဲ့ အလုပ်တွေရအောင် လုပ်လို့ရတာပဲလို့ တွေးပြီး၊ ကြိုးစားကြည့်ပါတယ်။
မန်နေဂျာရောက်လာတဲ့ အခါမှ၊ အင်တာနက်ပြတ်ရခြင်း အကြောင်းမှန်ကို သိရပါတယ်။ အင်တာနက် ၀ယ်ထားတာ သက်တမ်းကုန်သွားလို့ အဖြတ်ခံလိုက်ရတာတဲ့။ ကောင်းရော။ သူက ချက်ချင်းကို ဖုန်းခေါ်ပြီး Servicer Provider အသစ်ဆီက အင်တာနက် အသစ်ကို ၀ယ်လိုက်ပါတယ်။ ညနေပိုင်းလောက် ကျတော့၊ Router အသစ်ကို လာပို့၊ ငါးမိနစ်အတွင်း Setup လုပ်ပြီး၊ အင်တာနက်ကြီးပြန်ရောက်လာပါတော့တယ်။
ဒီနေ့အပြီး၊ ကျွန်တော့်မှာ အတွေးလေးတွေ ထွက်လာပါတယ်။ ငါတို့၊ အင်တာနက်များ စွဲနေပြီလားလို့။ အပျော်ကိစ္စ တွေကိုဖယ်၊ အလုပ်ကိုစ္စ အတွက်ကိုတင်၊ အင်တာနက်ပျက်ရုံလေးနဲ့ ကမ္ဘာအ၀ှမ်း မှာရှိတဲ့ အလုပ်တွေ ရပ်ဆိုင်းသွားနိုင်တယ်။
ပြီးတော့ ကျွန်တော့ခေါင်းထဲမှာ ရှိတယ်လို့ထင်ခဲ့တဲ့ အလုပ်ဆိုင်ရာ ဗဟုသုတ တွေဟာ၊ တကယ်တော့ ကမ္ဘာအ၀ှမ်းက Web Server တွေ DataBase Server တွေရဲ့ Hard Disk တွေထဲမှာ ရှိနေပါလား လို့သိလိုက်ရတယ်။ ကျွန်တော့ ခေါင်းထဲမှာ ရှိတာတွေကတော့ မာတိကာ တွေလောက်သာဖြစ်ပါတယ်။ ဘယ်နေရာမှာ 'ဘာ' ရှိလည်း ကျွန်တော်သိပါတယ်။ အဲဒီ 'ဘာ' ရဲ့အကြောင်းကိုတော့ ရှိတဲ့ နေရာမှာ ရှာဖတ်။ ဘယ်နေရာမှာလည်း မသိတော့ဘူးလား၊ လွယ်ပါတယ်။ အဲဒီ 'ဘာ' ရဲ့အကြောင်းကို Search Engine ထဲမှာ ရိုက်ထည့်လိုက်၊ သူက ဘယ်နေရာမှာရှိနိုင်လည်း စာရင်း ပေးလိမ့်မယ်။ ရွေးယူရုံပဲ။ အခု မိတ်ဆွေ ဖတ်နေတာ ကြာပါသေးတယ်။ အဲဒီ 'ဘာ' တစ်ခုကို ခေါင်းထဲမှာ မသိဘူးဆိုတာနဲ့၊ အလိုအလျောက် ရှာကြည့်ပြီး သိသွားပြီ။ ပြောနေတာကပိုကြာဦးမယ်။
ကဲ ဒီလိုဖြစ်နေတာဟာ ကောင်းသလား၊ မကောင်းလား ဆွေးနွေးကြရင်၊ စကားရည်လုပွဲ တစ်ခုဖြစ်ပြီး၊ တီဗွီ အစီအစဉ်တစ်ခုရိုက်လို့ရလိမ့်မယ်။ ကျွန်တော့်အတွက် ကတော့၊ ခေါင်းထဲမှာ နည်းနည်းပဲထည့်ရလေကြိုက်လေပါပဲ။ တစ်ခြားအကြောင်းအရာတွေ အများကြီးခေါင်းထဲမှာ ထည့်စရာရှိသေးတယ်။ အကြောင်းအရာတစ်ခုကို မလိုအပ်တဲ့ အချိန်မှာ ခေါင်းထဲမှာ မထားနဲ့။ လိုအပ်ရင် ရှိတဲ့နေရာကနေယူပြီး ခေါင်းထဲ ခန ထည့်။ ကိစ္စ ပြီးရင် မေ့ပစ်လိုက်၊ ဦနှောက်ထဲမှာ လိုတာပဲမှတ် ဘယ်လောက် ခေါင်းရှင်းလည်း။ (ဒီလိုပြောလို့ ကိုသာသာ့ ခေါင်းထဲမှာ ဘာမှမရှိဘူးလို့ မထင်စေလိုပါ။ ဟီ ဟိ) အဓိက ကတော့ ခေါင်းထဲမှာ မှတ်မထားတဲ့ လိုအပ်တာတွေကို၊ မြန်မြန်နဲ့ မှန်မှန် ရှာပေးနိုင်တာဟာ အင်တာနက်ပဲဖြစ်ပါတယ် (အခုလောလောဆယ်ပေါ့နော်) ။ အဲဒီ အင်တာနက် မရှိတာဟာ ကိုသာသာ အတွက်တော့ အလွန်အလုပ်ဖင့်ပါတယ်။
ကျွန်တော်နားလည်လိုက်တာ ကတော့ No Network, No Net Work ပဲဖြစ်ပါတယ်။

Monday, May 19, 2008
Ebook Collector (File Collector)
ကျွန်တော် Ebook တွေစုလာခဲ့တာ လေးနှစ်လောက်ရှိပါပြီ။ တွေ့သမျှစာအုပ်တိုင်းကို မစုပေမယ့်၊ ကိုယ်ကြိုက်တဲ့စာအုပ်တိုင်းကိုတော့ နောင်အားတဲ့အခါမှ မလိုတာတွေရှင်းမယ်တွေးပြီး ကျွန်တော့်ရဲ့ စုဆောင်းမှုထဲကို ပစ်ထည့်ထားလေ့ရှိပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့်မှာ Ebook အခု ၅၀၀ ရာကျော်လောက် ကို သယ်ရလွယ်တဲ့ Hard Disk ထဲမှာရှိတဲ့ Folder တစ်ခုတည်း အောက်မှာပဲသိမ်းပြီး၊ ရှာချင်ရင် Windows search နဲ့ပဲရှာနေခဲ့တာပါ။ အမှန်တော့ ဒီနည်းက ကျွန်တော့်အတွက် တော်တော် အဆင်ပြေပါတယ်။
ကျွန်တော့်မိတ်ဆွေ တစ်ချို့ကတော့ Ebooks တွေကို နာမည်အလိုက်၊ ခေါင်းစဉ်အလိုက် Folder လေးတွေ ခွဲသိမ်းကြတယ်လို့သိရပါတယ်။
ဒီလိုဆိုတော့ ကျွန်တော့်မှာ သူတို့ကို အားကျမိပါတယ်။ ဒါပေမယ့် သူတို့နည်းက အစကတည်းက (အရေအတွက် နည်းနည်းပဲ ရှိကတည်းက) လုပ်ရင်တော့ လွယ်သပေါ့။ ကျွန်တော့မှာက Ebook ၅၀၀ လောက်ရှိနေပြီးနှင့်တော့ Folder ခွဲပြီး တစ်အုပ်ခြင်း ရွေးဖို့ကို ပျင်းကလည်းပျင်း၊ အချိန်လည်း မပေးချင်ပါဘူး။ မိတ်ဆွေတို့ သိကြတဲ့အတိုင်း၊ Ebook တွေရလာပြီဆိုရင် နာမည်တွေကို ကဘောက်တိကဘောက်ချာ ပေးချင်တာတွေ ပေးထားတာလေ၊ တစ်ချို့မှာတော့ ခေါင်းစဉ်နဲ့ဆိုင်တဲ့ နာမည်မျိုးပေးထားတာတွေ့ရပါရဲ့။
ကျွန်တော့်မှာ အဲဒီ ပြသနာကို ရှင်းဖို့ကြံစဉ်လာခဲ့တာ ကျောင်းကလည်းမအားတော့ လက်မရောက်ဘူးဖြစ်နေခဲ့တာ၊ ခုမှပဲ အချိန်ကောင်းကောင်းရတော့တယ်။ အချိန်တော်တော်လေးပေးပြီး၊ ဒီ Program ရှင်းရှင်းလေး (မြန်လည်းမြန်ပါတယ်၊ ကျွန်တော့်အထင်ပေါ့) ကို RUBY နဲ့ရေးထားပါတယ်။ ဒါလေးက ကျွန်တော်လိုချင်နေတဲ့ ရှိပြီးသား ဖိုင် တွေကို ခေါင်းစဉ်ခွဲတဲ့ အလုပ်ကို ကျွန်တော်လိုချင်တဲ့ နာမည်တွေ၊ Folder နာမည်တွေနဲ့ ခွဲပေးပါတယ်။
ကောင်းချက်က Ebook အခု ၅၀၀ လောက်ကို ၁၀ စက္ကန့် လောက်အတွင်းမှာ ပဲ၊ ဆိုင်ရာဆိုင်ရာ Folder တွေထဲကို ခွဲထည့်ပေးပါတယ်။ ဒါ့ပြင် ကျွန်တော်ရဲ့ Download File တွေကိုထည့်တဲ့ Folder အပေါ်မှာ အလိုအလျောက် လုပ်နိုင်အောင်လုပ်ထားတော့ Ebook အသစ်တွေရပြီးတိုင်း Program ကို Run လိုက်ရင် အသစ်တွေကို ပါ၊ အမျိုးအစားခွဲပြီး ရှင်းပေးပါတယ်။
ကဲ...ဒါလေးက မိတ်ဆွေတို့အဖို့လည်း အသုံးဝင်မယ် ထင်ပါတယ်။ ဒါလေးက Ebook တွေအတွက်သာမဟုတ်ပါဘူး၊ ဘယ် File အမျိုးအစား ပေါ်မှာ မဆိုအလုပ်ဖြစ်ပါတယ်။ ဖိုင်ရဲ့ Extension ကိုသာ ဖော်ပြရန်လိုပါတယ်။ ဒါလေးကိုသုံးဖို့ RUBY ကိုတော့ ကွန်ပြူတာမှာ သွင်းဖို့လိုပါတယ်။ RUBY ကို http://www.ruby-lang.org မှာ ရယူနိုင်ပါတယ်။ အဆင်ပြေပါစေဗျာ။
ဆွဲချရန်။ ။ http://www.mediafire.com/?1owkj3lwcfn
------------------------------------------------------------------------------------------------
I've been collecting ebooks for about 4 years. Although I don't collect all I encountered, most of the time I just dumped the file into my ebook collection folder, hoping that one day I'll sort them out and remove some, which I don't really need.
As the time goes on and I've collected more than 500 ebooks and put them into a folder called "Ebooks" in my portable hard drive in one flat layer and find the book I need by using Windows built-in search. Honestly, that's all right for me. But I found that some friends of mine categorize their ebooks in different folders of different categories and selectively place the files into categorized folder upon recieving the ebooks.
I envy them, but their plan only works for those who started categorizing ebooks in folder from the start or may be while there is a small number of eboosk in collection. Since I now have more than 500 ebooks (some of you may have more) I'm so lazy and don't wish you spend my time on repeating.. (click, choose, move) scenario. And as you know, the downloaded ebooks are named in many different formats, but they do contains specific keywords related to the book title.
I've been planning long for solving this out but couldn't reach my hands due to my busy school schedules. And now I have enough time to solve it out. I finally spent some time to write a simple (and relatively fast, that's what I think) program in RUBY, which helps me out my files into different categorized folders based on keywords and folder name I specified.
To my surprise...it cleaned up my mess of more than 500 ebooks in less than 10 seconds. Now I feel much better with my files and easily browse through my collection in specific categories. Besides, I automated the script to repeat the same process on my "Download" folder. So in future I just need to place newly recieved ebooks in "Download" folder and it will place them into my collection automatically (I just have to make sure the file name contains my defined keywords.)
I hope this would help you too, in case you are in same situation like me. The program works not just for ebooks, but all types of files. You just have to specifiy the extensions. To use this program, you'll have to install RUBY. You can download it from http://www.ruby-lang.org. If you are interested to use this tiny program of mine, download, configure and let it solve your problem.
DOWNLOAD: http://www.mediafire.com/?1owkj3lwcfn

Saturday, May 03, 2008
ဘလော့ စရေးဖြစ်ပါပြီ။
ရေးမယ်ရေးမယ်နဲ့ ၂၀၀၄ ခုနှစ် Blogger တို့ Wordpress တို့ စပေါ်ခါစကတည်းက ကြံစည်လာခဲ့တာ ခုမှပဲ အကောင်အတည် ဖေါ်ဖြစ်ပါတော့တယ်။
အခုလို လာလည်တာ ကျေးဇူးတင်ပါတယ်။ ဒီ ဘလော့မှာ IT နည်းပညာ အကြောင်းတွေ၊ မြန်မာစာပေ၊ ကျန်းမာရေး နဲ့ ဘ၀မှာ ပျော်ရွှင်စွာ နေထိုင်နည်းတွေကို ဆွေးနွေး၊ ရေးသားမှာဖြစ်ပါတယ်။
တတ်နိုင်သလောက် မှန်မှန်ရေးဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်တော့် ဘလော့ကို ဖတ်ခြင်းဖြင့် တစ်စုံတစ်ရာ အကျိုးရှိရင်၊ ဒီကောင် ငပေါဘာတွေ လျွောက်ရေးထားမှန်းလည်း မသိပါဘူးကွာ လို့ပြောလောက်ရင်ပဲ ကျေနပ်ပါတယ်။
ဒီဘလော့မှာ အဆင်မပြေတာများ ရှိရင် ကျွန်တော့ကို ပြောပါ။
အဆင်ပြေတယ် ကြိုက်တယ်ဆိုရင်တော့ တစ်ခြားလူတွေကို ပြောပြပေးပါ။

Subscribe to:
Comments (Atom)