ကိုယ့်ကိုချီးမွမ်းတာ ခံရတာလောက် အရသာရှိတာ ဘာများရှိဦးမှာလဲဗျာ။
ဒါဆို၊ သူများချီးမွမ်းတာကို စောင့်နေမယ့် အစား၊ တစ်ယောက်ယောက်ကို ချီးမွမ်းလိုက်ရအောင်။ မေတ္တာဆိုတာ အသွားအပြန်ရှိပါတယ်။ ကိုယ်က ချီးမွမ်းလေလေ၊ သူများကလည်း ကိုယ့်ကို ချီးမွမ်းလေလေပါ။ တစ်ယောက်ကို တစ်ယောက် အကောင်းတွေချည်းမြင်ရင်၊ ငြိမ်းချမ်းပျော်ရွှင်မှုပိုရှိတာပေါ့နော။
၁။ ။ အကြောင်းအရာ တစ်ခုခုကို သတ်သတ်မှတ်မှတ်(အသေးစိတ်) ချီးမွမ်းပါ။
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။" လို့ပြောလိုက်တာဟာ၊ "ဒီနေ့တယ်လှနေပါလား။" လို့ပြောတာထက် ပိုထိရောက်ပါတယ်။ ဒီနေရာမှာ ပိုအသေးစိတ်ကျလေ ကောင်းလေပါ။ တစ်ဖက်လူက သူ့ကိုလူတွေ သတိပြုမိနေပါလား၊ သူဟာ ပိုပေါ်လွင်နေပါလားလို့ထင်သွားစေပါတယ်။
၂။ ။ ကိုယ့်ချီးမွမ်းချက်ကို ကိုယ့်ဖာသာ ထောက်ခံပါ။
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။" ဆိုပြီးရပ်မသွားပါနဲ့။ ဘာကြောင့် အဲသလို ပြောရသလဲဆိုတာလေးပါ ထည့်ပြောရင်၊ ကိုယ့်ရဲ့ချီးမွမ်းချက်က ပိုခိုင်မာလာပါတယ်။ ဒီလိုလေ၊
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ နင့်အသားရောင်နဲ့လိုက်တယ်ဟ။" ဒါမှမဟုတ်၊
"နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ ပုခုံးလေးကပြေတော့ ထင်ထင်ရှားရှားကြည့်ကောင်းတယ်။" စသည်ဖြင့်ပေါ့လေ။
၃။ ။ ချီးမွမ်းခန်းနဲ့တွဲလျက် မေးခွန်းတစ်ခုခုမေးပါ။
အကယ်၍ ကိုယ်က စကားစချင်လို့ ဒီလိုချီးမွမ်းတာဆိုရင်၊ ကိုယ်ချီးမွမ်းတဲ့ အကြောင်းနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုလောက်မေးလိုက်ပါ။ "နင့် ဆွဲကြိုးလေးက တယ်လှပါလား။ နင်နဲ့အရမ်းလိုက်တယ်။ နင့်အသားရောင်နဲ့လိုက်တယ်ဟ။ ဘယ်က ၀ယ်တာလဲ။"
ဒါဆိုသူကဖြေရတော့မယ်၊ ဒီလိုနဲ့ စကားပြောဖြစ်ကြမယ်။
ကဲ ဒီ သုံးဆင့်ဟာ လွယ်လွယ်လေးနဲ့အသုံးပြုလို့ရတဲ့ ချီးမွမ်းပုံလေးပါ။ ကိုယ်နဲ့ စတွေ့တဲ့ သူစိမ်း တစ်ယောက်ကိုပဲဖြစ်ဖြစ်။ သူငယ်ချင်းတစ်ယောက်ကိုပဲဖြစ်ဖြစ်။ ခုမှ တွေ့တဲ့ ကောင်မလေးချောချောလေးကိုပဲဖြစ်ဖြစ်။ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်။ စိတ်ကျေနပ်စေ၊ အားရှိစေ၊ စကား စစေ တဲ့ ချီးမွမ်းပုံလေးပါ။
သူတပါးရဲ့ ကောင်းတဲ့အချက်ကို သတိပြု၊ ထုတ်ဖေါ်ပြောတာဟာ သူ့ကို ကိုယ်ဂရုပြုကြောင်း၊ အရေးတယူပြုကြောင်း ဖေါ်ပြရာရောက်ပါတယ်။ လူတိုင်းကို ဒီလိုချီးမွမ်းတဲ့ အစပိုင်းမှာတော့၊ နည်းနည်း ကို့ယို့ကားယား ဖြစ်တာပေါ့။ သူ့မှာလည်း ဘလိုင်းကြီး ချီးမွမ်းခံရတာကိုး။ တစ်ချို့ကလည်း၊ ဒီကောင်ငါ့ကိုမြှောက်နေပြီ၊ ဘာများ လိုချင်လို့ပါလိမ့်။ ဘယ်ချိန် ရိုက်ချမလည်း မသိဘူး။ တွေးပြီး၊ သံသယ ဖြစ်နိုင်တာပေါ့။ လက်ခံတာ လက်မခံတာ တစ်ဖက်လူရဲ့အပိုင်းပါ။ ချီးမွမ်းတယ်ဆိုတာ လက်ဆောင်ပေးသလိုပါပဲ။ ဗုဒ္ဓဘုရား ပြောသလို ကိုယ်ပေးတာ တစ်ဖက်လူက လက်မခံရင် ကိုယ့်ဆီပဲပြန်ရောက်လာတာပေါ့။ ကိုယ့်ကို ချီးမွမ်းရင်လည်း၊ အကောင်းဆုံး လက်ခံနည်းက "ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်ရုံပါပဲ။
သူများရဲ့ကောင်းကွက်တွေကိုချည်း ကိုယ်က ရှုမြင်လာရင်၊ သူတို့ကလည်း ကိုယ့်ရဲ့ ကောင်းကွက်တွေကိုချည်း ရှုမြင်လာကြောင်းကို တွေ့လာရပါလိမ့်မယ်။ ဒီလိုဆို၊ အလုပ်ထဲမှာပါဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ဈေးမှာပဲဖြစ်ဖြစ်၊ ဘယ်အသိုင်းဝိုင်းမှာမဆို လူချစ်လူခင်ပေါလာပါလိမ့်မယ်။ ကဲ...... ခုပဲ စပြီးချီးမွမ်းလိုက်ရအောင်။
ကျေးဇူးတင်ပါတယ်။
ဤဆောင်းပါးသည် Alvin Soon, February 13th, 2007 တွင် ရေးသားသော How To Give Good Complement ကိုဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်ပါသည်။ မူရင်း ဆောင်းပါး (English) ကို ဒီမှာ ဖတ်နိုင်ပါသည်။
No comments:
Post a Comment